ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆောင်ရွက်

ငဖဲ ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများနှင့်ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က မောင်ဇေယျာရေးသားသည့် “မြန်မာလူကျော် ၁၀၀”စာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်က စာအုပ်စာပေများလေ့လာဖတ်ရှုပြီး ပြန်လည်ဆွေးနွေးပြောကြားသည့် အလေ့အထဖြစ်ပေါ်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး စာရေးဆရာမောင်ဇေယျာရေးသားသည့် “မြန်မာလူကျော် ၁၀၀”စာအုပ်တွင် ၂၀ ရာစု မြန်မာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ စာပေ၊ ယဉ်ကျေးမှုအနုပညာ အစရှိသော နယ်ပယ်အသီးသီးမှ ထင်ရှားသည့် ပုဂ္ဂိုလ်ကျော် ၁၀၀ တို့၏ အတ္ထုပ္ပတ္တိအကြောင်းအရာများပါဝင်ကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော Grade-10 ကျောင်းသူ မအိမွန်ဇော်က မြန်မာ့လွတ်လပ်ရေးဗိသုကာဗိုလ်ချုပ်အောင်ဆန်းအကြောင်းနှင့် Grade-10 ကျောင်းသူ မဆုလှိုင်နှင်းက အာဇာနည်ခေါင်းဆောင် မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကြောင်းအရာများကို ထုတ်နုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများက ကဗျာစာဆိုအဘိဓာန်ပညာရှင် မင်းသုဝဏ်နှင့်ပတ်သက်သည့် သိကောင်းစရာများကို ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)