မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်း သင်တန်းအမှတ်စဉ် ၁/၂၀၂၅ ဖွင့်ပွဲကျင်းပ

ပန်းတနော် ဇူလိုင် ၁၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ဖြင့် ဆန္ဒ‌‌မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအား ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အဆင်သင့်ဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းမှာ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက်မဲပေးစက် MEVM အသုံးပြုနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိသဖြင့် MEVM စက်များ ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးတတ်စေရေးဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း MEVM စက်ကိုင်တွယ်သူသည် ယခင်မဲရုံများ၌ မဲလက်မှတ်ထုတ်ပေးသည့် မဲရုံဝန်ထမ်းနေရာတွင် အစားထိုးတာဝန်ပေးအပ်သည့် ဝန်ထမ်းများဖြစ်ကြောင်း မြန်မာနိုင်ငံတွင် မဲပေးစက်ဖြင့် မဲပေးခြင်းကို ပထမဆုံးအကြိမ်စတင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ MEVM စက်များကို မြန်မာပညာရှင်များက စမ်းသပ်တီထွင်ထုတ်လုပ်ခဲ့ပြီး မဲဆန္ဒရှင် ပြည်သူများကို ရှင်းလင်းပြသလက်တွေ့ စမ်းသပ်မှုဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သင်တန်းကို တစ်ကြိမ်လျှင် ၂ ရက်နှုန်းဖြင့် မဲရုံများတွင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မဲပေးစက်ကိုင်တွယ်မည့်ဝန်ထမ်းများကို ဆက်လက်လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပန်းတနော်မြို့နယ် ရွေးကောက်ပွဲကာ်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခင်သန္တာမြင့်က သင်တန်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM တည်ဆောက်ပုံ နည်းလမ်းများ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ် ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ် စာရင်းပြုစုပုံ၊ မဲပေးစက်အားပြန်လည် ထုတ်ပိုးသိမ်းဆည်းပုံတို့ကို လုပ်ငန်းလမ်းညွှန်ချက်များ နှင့်အညီသင်ကြား ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ ပန်းတနော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် မြို့နယ်အတွင်းရှိမဲရုံများတွင် မဲပေးစက်ကိုင်တွယ်မည့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို (၂) အကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)