မုံရွာမြို့၌ စပါးခေါင်နှံကောက်ယူပြီး မျိုးကောင်းမျိုးသန့်မျိုးထိန်းခြင်း နည်းပညာပေးသင်တန်းနှင့်ကွင်းသရုပ်ပြပွဲဆောင်ရွက်

မုံရွာ ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး မျိုးစေ့ဌာနခွဲမှဦးဆောင်ပြီး တိုင်းဒေသကြီးအတွင်း စပါးခေါင်နှံကောက်ယူပြီး မျိုးကောင်း မျိုးသန့်မျိုးထိန်းခြင်းနည်းပညာပေးသင်တန်းနှင့် ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီးမြေမျိုးပိုးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာစစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်မောင်မြင့်နှင့်ဒုတိယညွှန်ကြားရေးမှူး ဦးတင်‌မောင်ဆွေတို့က အမှာစကားများပြောကြားပြီး တိုင်းဒေသကြီးမျိုးစေ့‌ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမင်းလှကစပါးခေါင်နှံကောက်ယူပြီး မျိုးကောင်းမျိုးသန့်မျိုးထိန်းခြင်း နည်းပညာပေးသင်တန်းနှင့် ကွင်းသရုပ်ပြပွဲ ဖွင့်လှစ်ပေးရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူး ဦးစိန်မောင်မြင့်နှင့်တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ မုံရွာ၊ ချောင်းဦး၊ ဘုတလင်နှင့် အရာတော်မြို့နယ်များမှ မျိုးစေ့ထုတ်တောင်သူများအား ပံ့ပိုးပစ္စည်းများအဖြစ် မျိုးကောင်းမျိုးသန့် စပါးမျိုးစေ့များ၊ ပိုက်ဆံလျှော် မျိုးစေ့များနှင့် တောင်သူအသိပညာ‌ပေး လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့သည်။

ထို့နောက်သင်တန်းတွင် မျိုးစေ့ဌာနခွဲမှ တာဝန်ရှိသူများက စပါးခေါင်နှံကောက်ယူပြီး မျိုးကောင်းမျိုးသန့်မျိုးထိန်းခြင်းနည်းပညာများနှင့် စပ်လျဥ်းပြီး ဝန်ထမ်းများနှင့် တောင်သူများ ဒေသတွင်း စပါးခေါင်နှံမျိုးပွားခြင်း ဆောင်ရွက်နိုင်သဖြင့် ဈေးနှုန်းသက်သာစွာဖြင့် မျိုးကောင်း မျိုးသန့်များ အချိန်မီရရှိစိုက်ပျိုးနိုင်စေရန်နှင့် တစ်ဧကအထွက်နှုန်း တိုးတက်လာစေမည့် အကျိုးကျေးဇူးများနှင့် ဝါမျိုးစေ့ပြုပြင်စီရင်ခြင်း နည်းပညာများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးပို့ချခဲ့ပြီး တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ် အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများနှင့် တောင်သူ (၅၀) ဦး၏ သိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် ညွှန်ကြားရေးမှူး ဦးစိန်မောင်မြင့်နှင့်တာဝန်ရှိသူများက အဆိုပါတိုင်းဒေသကြီး မြေမျိုးပိုးဌာနရုံးဝန်းအတွင်း မျိုးစေ့ဌာနခွဲမှ စိုက်ပျိုးထားသော ဆင်းသုခ စပါးခေါင်နှံကောက်ယူပြီး မျိုးကောင်းမျိုးသန့်မျိုးထိန်းစံပြကွက်ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)