နတ်မောက် ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပညာသင်ကြားနေသော ကျောင်းသား/သူများအား ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးမှူး(၁) ဒေါ်ရီရီငြိမ်းက ကျန်းမာရေး အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရာသီတုပ်ကွေးများအကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါများနှင့် သတိပြုလိုက်နာရမည့် ရှောင်ရန်၊ ဆောင်ရန်များ၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
လှဝင်း