ငဖဲ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ လူငယ်ရေးရာနှင့် (၇၈)နှစ်မြောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ပေါင်းကလေးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပေါင်းကလေးကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးအုန်းသန်းက အဖွင့်အမှာစကားပြောကြားပြီး ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးသိကောင်းစရာများ၊ (၇၈)နှစ်မြောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး သိကောင်းစရာများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ငဖဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်နန်းသီတာထွေးက အားကစားနည်းအမျိုးအစားများ၊ လူငယ်နှင့်အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး ကျောင်းသားကျောင်းသူများအတွက် အားကစားပစ္စည်းနှင့် ကျောင်းစာကြည့်တိုက်အတွက် တိုင်းရင်းသားရိုးရာပုံပြင်စာအုပ်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တေဇ၊ ရုပ်ပြ၊ ပုံပြင်စာအုပ်များအား ကလေးစာဖတ်ဝိုင်းဆောင်ရွက်ပြီး အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ကာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက Physical Fitness Dance ဖြင့် သရုပ်ပြသဖျော်ဖြေခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)