ကျွန်းစု ဇူလိုင် ၁၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ တနင်္သာရီခန်းမ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်း၊ သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားတက်ရောက်သည်ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ) ဦးကိုကိုလွင်က ရွေးကောက် ပွဲတွင် အီလက်ထရောနစ်စက် (MEVM)ဖြင့် မဲပေးကြရမည်ဖြစ်ရာ မဲစာရင်းများကို မှန်မှန်ကန်ကန်တိတိကျကျ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲသည် နိုင်ငံတော်၏ အဓိကရည်မှန်းချက်ဖြစ်သည့်အတွက် နိုင်ငံသားတိုင်း မဲပေးနိုင်ရေး၊ နည်းလမ်းကျမှန်ကန်သည့် အထွေထွေရွေးကောက်ပွဲပုံစံဖြစ်စေရေးနှင့် ရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် (MEVM)စက်များသယ်ယူဖြန့်ဝေထိန်းသိမ်းထားရှိမှုများ အား ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က MEVM စက်အသုံးပြုရခြင်းနှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းပြောကြားပြီး ရွှေအဏ္ဏဝါပညာရေးဖောင်ဒေးရှင်းအတွက် လှူဒါန်းငွေများအား စေတနာရှင် အလှူရှင်များက ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကာ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်အောင်နိုင်က ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီး၊ တနင်္သာရီ ရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်အောင်နိုင်၊ အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ နိုင်ငံရေးပါတီဝင်များက ရွေးကောက်ပွဲနေ့တွင်ဆောင်ရွက်ရမည့် အစီအစဉ်များအတိုင်း မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)