ဟင်္သာတမြို့နယ်၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ ကွင်းသရုပ်ပြပွဲနှင့် မိုးစပါးထွန်တုံးပိတ် စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ဟင်္သာတ ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာအုပ်စု၊ ကရင်စုကျေးရွာ ကွင်းအမှတ် (၁၅၁၅)၊ ဦးပိုင် အမှတ် (၂၉/၃)၊ တောင်သူ ဦးလှစိုး ပိုင် လယ်မြေ (၄.၀၀)ဧက၌ ယနေ့နံနက် ၈ နာရီခွဲ အချိန်က ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးရာသီတွင် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၊ ကွင်းသရုပ်ပြပွဲနှင့် မိုးစပါးထွန်တုံးပိတ်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးအတွင်းရေးမှူး ဦးမျိုးမြင့်မှ မိုးစပါး စိုက်ပျိုးနည်းစနစ်များအလိုက် စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများအား ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးငြိမ်းသောင်းက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီး တောင်သူ ဦးလှစိုးပိုင် လယ်မြေ (၄.၀၀)ဧက၌ Kubota ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် လက်တွေ့စိုက်ပျိုးသရုပ်ပြ စိုက်ပျိုးခြင်းပြုလုပ်ခဲ့ရာ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူများ၊ တောင်သူများမှ ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ အတွင်းရေးမှူး ဦးစောဝင်းရွှေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ စုစုပေါင်း (၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)