ဘိုကလေးမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံ အခမဲ့ စက်ချုပ်သင်တန်း ဆင်းပွဲကျင်းပ

ဘိုကလေး ဇူလိုင်  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေအမျိုးသမီးများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းအား မေလ(၂၉)ရက်နေ့က စတင်၍  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ဖွင့်လှစ်ခဲ့ရာ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်၌ သင်တန်းဆင်းပွဲ ကျင်းပဆောင်ရွက်သည်။

သင်တန်းဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးထက်အောင်၊ ဘိုကလေးမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းသူ များတက်ရောက်ကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူး ဦးထက်အောင်က သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးခဲ့သည့် အခြေခံ စက်ချုပ်နည်း အသိပညာ၊ အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိအသုံးချကာ မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိသူများက အဆိုပါ သင်တန်းသို့ တက်ရောက်ခဲ့ကြသည့် ဘိုကလေးမြို့နယ်အတွင်းမှ သပြုကုန်း၊ ကျောင်းချောင်း၊ ပိုက်စလ၊ ဝက်ကော်၊ နတ်ချောင်း ၊သစ်တိုချောင်း၊ ငှက်ပျောချောင်းကျေးရွာတို့မှ သင်တန်းသူ (၂၀) ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း၊ ထူးချွန်သင်တန်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)