ဒေးဒရဲ ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အာဟာရဖွံ့ဖြိုးရေး၊ အစားအစာဘေးအန္တရာယ်ကင်းဝေးရေးနှင့် ရောဂါကာကွယ်နိုင်ရေးရည်ရွယ်၍ ကျောင်းအခြေပြု ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကံဆိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ခြင်းရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးလက်ကျန်းမာရေးဌာန တာဝန်ရှိသူများက ကျောင်းအခြေပြု ကျန်းမာရေးလုပ်ငန်းများဖြစ်သည့် ကျောင်းသားလူငယ်များ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို မျှတစွာစားသုံးရေး၊ သန့်လေးသန့်ဖြစ်သော အစာသန့်၊ လက်သန့်၊ ရေသန့်၊ အိမ်သာသန့်အပါအဝင် တစ်ကိုယ်ရေသန့်ရှင်းရေး၊ သွားကျန်းမာရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး၊ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်စစ်ဆေးခြင်း၊ မုန့်စျေးတန်းများတွင် ကျန်းမာရေးနှင့် ညီညွတ်သည့်အစားအစာများ ရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)