ရေကြည်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်

ရေကြည်  ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် အသုတ်မြို့၊ ကိုင်းချောင်-ဘန့်ဘွေးကုန်ကျေးရွာချင်းဆက်လမ်းနှင့် တပ်မဆုတ်ကျေးရွာ၊ အ.မ.က ကျောင်းဝန်းအတွင်း၌ မြို့နယ်သစ်‌တောဦးစီးဌာနမှဦးဆောင်၍ ယနေ့နံနက်(၉)နာရီအချိန်က မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သစ်ပင်စိုက်ပျိုးပွဲ ကျင်းပရသည့်ရည်ရွယ်ချက်မှာ သစ်တောသစ်ပင်များကို ပိုမိုတန်ဖိုးထားချစ်မြတ်နိုးစွာ စိုက်ပျိုးထိန်းသိမ်းလာစေရန်၊ ရာသီဥတုပြောင်းလဲမှုလျော့နည်းလာစေရေး အထောက်အကူဖြစ်စေရန်၊ နှင့်သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သစ်ပင်ထိန်းသိမ်းစိုက်ပျိုးပြုစုခြင်းများတွင် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန်တို့အတွက် ယခုလိုစိုက်ပျိုးခြင်းဖြစ်‌ကြောင်း တိုက်တွန်းအမှာစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများသည် ပျဉ်းကတိုး၊ ခရေ၊ ကံ့ကော်၊ မဟော်ဂနီ၊ ရေတမာ၊ မန်ဂျန်ရှား (၁၃၆၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီးနောက် ဌာနဆိုင်ရာများနှင့် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး၊ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)