မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပခုက္ကူပညာရေးဒီဂရီကာလိပ်ရှိ အုတ်တံတိုင်းဟောင်းပြိုလဲပျက်စီး၊ ပြည်သူတစ်ချို့ ဘေးလွတ်ရာသို့ပြောင်းရွှေ့

ပခုက္ကူ ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ယမန်နေ့ည‌နေ ၆ နာရီအချိန်ခန့်က  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်အရှေ့ဘက်ခြမ်း(အားကစားရုံနှင့်ဝန်ထမ်းအိမ်ရာဘက်)ရှိ ၁၉၈၅ခုနှစ်က ဆောက်လုပ်ထားသည့် အလျား ၁၀ ပေ၊ အနံ ၉ ပေရှိ အုတ်တံတိုင်းဟောင်းပြိုကျပျက်စီးသည့်အပြင် ဆင်ပေါက်လှချောင်းရေကျဆင်းလာခြင်းကြာင့် အမှတ်(၁၅)ရပ်ကွက်၊ ဆင်ပေါက်လှရပ်ရှိ အိမ်ထောင်စု ၂၇ စု၊ ပြည်သူလူဦးရေ ၁၀၈ ဦး ရေဘေးလွတ်ရာ ခုနစ်အိမ်တန်းဓမ္မာရုံသို့ ပြောင်းရွှေ့ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ရေဘေးအန္တရာယ်ဖြစ်ပွားသည့်နေရာများသို့ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စိုးဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံလုံခြုံတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက ဘေးအန္တရာယ်ကင်းရှင်းစေရေး ရှင်းလင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးခြင်း၊ ရေဘေးသင့်ပြည်သူများအား ရေဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လိုအပ်သည်များ ပေါင်းစပ်ကူညီဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် မိုးသည်းထန်စွာရွာသွန်းကာ မိုးရေစီးဝင်ခဲ့မှုကြောင့်  မြို့ပေါ်ရပ်ကွက်များအတွင်း လမ်းမများ၊ ရေမြောင်းများရှိ ရေဆိုးရေညစ်များ၊ အမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေးဝန်ထမ်းများက သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ လိုက်လံ‌ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 ဘာမီသာ(ပြန်/ဆက်)