လှိုင်းဘွဲ ဇူလိုင် ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း၊ မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ(၁)နာရီအချိန်က မြိုင်ကြီးငူအထူးဒေသ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြသည်။မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတုယူလေးစားရမည့် အာဇာနည်ခေါင်းဆောင်တို့၏ စိတ်ဓာတ်များ၊ မမေ့သင့်မမေ့အပ်သော အာဇာနည်နေ့၊ အာဇာနည်သူရဲကောင်းတို့၏ ဆောင်ရွက်ချက်များ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှု၊ လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေးတို့ကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးရီက မိုးရာသီတွင်ဖြစ်ပေါ် တတ်သော မုန်တိုင်းဘေး၊ ရေဘေး၊ မိုးကြိုးဘေးနှင့် မြေပြိုဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပေါ်ချိန်၊ ဖြစ်ပြီးနောက်တွင် ဆောင်ရွက်ရကြမည့်အချက်များ၊ ရှောင်ကျဉ်ကြရမည့်အကြောင်းများကို ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်က ကလေးသူငယ်အရေးဆိုင်ရာ ဥပဒေများအကြောင်း၊ မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ငွေက ကျောင်းသားလူငယ်များအနေဖြင့် သိထားကြရမည့် ဥပဒေများနှင့် ပြစ်မှု၊ပြစ်ဒဏ်များအကြောင်း၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဌေးဝင်းက မူးယစ်ဆေးများ၏ ဆိုးကျိုးအန္တရာယ်များ၊ ပူးပေါင်းကာကွယ်တိုက်ဖျက်ကြရမည့်အကြောင်းများကို အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုအဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းဓါတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များအကြောင်းအသိပညာပေးနံရံကပ်စာစောင်နှင့်ဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)