ပန်းတောင်း ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်၍ စီးပွားရေးဝန်ကြီး ဦးတင်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင့်ဆွေ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးကျော်စိုးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါ၍ သရက်လိန်ကျေးရွာအုပ်စု၊ ကရင်စုကျေးရွာရှိ တောင်သူ (၂) ဦး၏ နှမ်းဘောင်ကြီးတင် စိုက်ပျိုးထားရှိမှုအခြေအနေ၊ သရက်လိန်ကျေးရွာအုပ်စု၊ သူရဲဇီးကျေးရွာရှိ ရေကြီးကွင်းများအား ဧရာဝတီမြစ်ရေဝင်ရောက်မှုကာကွယ်ရန်အတွက် ရေတံခါးများ တည်ဆောက်ပေးမည့် လုပ်ငန်းနေရာအားကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် မကြီးထုံးကျေးရွာအုပ်စု၊ ကြို့ကုန်း ကျေးရွာ၊ ပြည်-တောင်ကုတ်ကားလမ်းဘေးရှိ တောင်သူ ဦးခင်နိုင်၏ လယ်မြေ (၄) ဧကတွင် မိုးစပါးများ ဓာတ်မြေဩဇာ(ယူရီးယား)ကြဲပတ်ခြင်းအား လည်းကောင်း၊ ဥသျှစ်ပင်မြို့၊ ရတနာပုံရပ်ကွက်၊ ပြည်-တောင်ကုတ် ကားလမ်းဘေးရှိ လုပ်ငန်းရှင် ဒေါ်ထက်ထက်အိ၏ ဓနသဘာဝအော်ဂဲနစ် မြေပဲဆုံဆီလုပ်ငန်းလုပ်ကိုင်မှုနှင့် ရောင်းချမှုတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးအားပေးစကားပြောကြားကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)