သရက်ချောင်း ဇူလိုင် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ဌာနဆိုင်ရာစုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ဆွမ်းဆန်တော်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့နယ်၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး၊ သံဃာနာယကအဖွဲ့ဝင် ကျောက်မြောင်းတောင်သစ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥူးအာစရနှင့် ဆရာတော်သံဃာတော်အရှင်သူမြတ် (၁၂) ပါး၊ သရက်ချောင်းမြို့နယ်၊ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး စိုင်းသူရဌေးနှင့် တပ်နယ်မိသားစုဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးအသင်းစောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ရပ်မိ/ ရပ်ဖများ၊ ရပ်ကွက်/ ကျေးရွာစာရေးများနှင့် အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများက နမောတဿ (၃) ကြိမ်ရွတ်ဆိုကာ အခမ်းအနားအားဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဆရာတော်သံဃာတော်များအား ဩကာသကန်တော့ချိုးဖြင့် ရှိခိုးပူဇော်ခြင်း၊ တိုင်းဒေသကြီးသံဃာနာယကအဖွဲ့ဝင် ကျောက်မြောင်းတောင်သစ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥူးအာစရထံမှ ငါးပါးသီလခံယူခြင်းနှင့် ဩဝါဒကထာခံယူခြင်း၊ ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့မှ အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ပြီးနောက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းမှ သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး စိုင်းသူရဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် တာဝန်ရှိသူများက ကြွရောက်လာကြသော ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုငွေ၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းတို့က တိုင်းဒေသကြီးသံဃာနာယကအဖွဲ့ဝင် ကျောက်မြောင်းတောင်သစ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥူးအာစရထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ တရားတော်နာယူခဲ့ပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ် ရွတ်ဆိုကာ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)