ကြံခင်းမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းကောင်စီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ကြံခင်း ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အားကစားကွင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းကောင်စီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဘောလုံးဝါသနာရှင်များ ကြည့်ရှုအားပေးကြသည်။

ရှေးဦးစွာ အ.ထ.က(၂) ကျောင်းသူ​လေးများက ဂိုးသွင်းကောင်းတဲ့တို့ကိုကို၊ မြန်မာ့အားကစား ကမ္ဘာလွမ်းရမည် သီချင်း သီဆို၍ ​ကျောင်းသား၊ ကျောင်းသူများ၏ ပန်ပွားအကများဖြင့် တွဲဖက်ကပြဖျော်ဖြေကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဦးဝင်းဝင်းထူးတို့က အဖွင့်အမှာစကား ပြောကြားကြသည်။ ထို့နောက် ကျောင်းကောင်စီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြရာ ပထမပိုင်းတွင် တစ်သင်းနှင့် တစ်သင်း ဂိုးရရှိရေး အကြိတ်အနယ် ကစားကြပြီး ဒုတိယပိုင်းတွင် ဗန္ဓုလအသင်းက အဖွင့်ဂိုးသွင်းယူခဲ့ပြီးနောက် ကျန်စစ်သားအသင်းက ပယ်လဒီတစ်ဂိုးနှင့် အနိုင်ဂိုး တစ်ဂိုးသွင်းယူကာ ပထမဆု ရရှိခဲ့သည်။

ပထမဆု ရရှိသော ကျန်စစ်သားအသင်းနှင့် ဒုတိယဆုရရှိသော ဗန္ဓုလအသင်းတို့အား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ အဆိုပါ ကျောင်းကောင်စီဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ပထမအပတ်မှစ၍ အနော်ရထာ(လိမ္မော်ရောင်)အသင်း၊ ကျန်စစ်သား(အဝါရောင်)အသင်း၊ ဘုရင့်နောင် (အစိမ်းရောင်) အသင်း၊ အလောင်းဘုရား(အနီရောင်)အသင်းနှင့် ဗန္ဓုလ(အပြာရောင်)အသင်း ၅ သင်းဖြင့် အုပ်စုပတ်လည်ကစားခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)