ဖျာပုံမြို့၌ ကျောင်းစာကြည့်တိုက်သင်တန်း(ခရိုင်အဆင့်) ဖွင့်ပွဲအခမ်းအနားကျင်းပ

ဖျာပုံ ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရှင်သန်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ၏ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်သင်တန်း(ခရိုင်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဖျာပုံမြို့၊ အ.ထ.က(၃)မြမဉ္ဇူခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက အခြေခံပညာဦးစီးဌာနအောက်ရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်အားကောင်းဖို့ လိုကြောင်းနှင့် အနာဂတ်၏ခေါင်းဆောင်များဖြစ်လာမည့် လူငယ်ထုအတွင်း စာပေအသိပညာရှင်သန်နေမှ တိုင်းပြည်ကိုဦးဆောင်၊ ဦးရွက်ပြုနိုင်မည်ဖြစ်ကြောင်းတို့ကို အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးဝင်းအောင်၊ တိုင်းစာကြည့်တိုက်တာဝန်ခံ ဦးထွန်းထွန်းတို့က စာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းပို့ချမည့် အစီအစဉ်များကို အသီးသီးရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ ကျောင်းစာကြည့်တိုက်သင်တန်း(ခရိုင်အဆင့်)သို့ ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ကျိုတ်လတ်၊ ဒေးဒရဲ၊ ဘိုကလေးမြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ (၁၅၁)ဦးတက်ရောက်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးနှင့် စီမံကိန်းစာရင်းဝင်ကျောင်းများမှ ဆရာ၊ ဆရာမကြီး(၆)ဦးတို့က စာကြည့်တိုက်ဆိုင်ရာစီမံခန့်ခွဲနည်း၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ မျိုးတူစုခွဲနည်း၊ လက်တွေ့စာအုပ်များ အမျိုးအစားခွဲခြင်း၊ စာအုပ်စာစောင်စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း စသည့်စာကြည့်တိုက်လုပ်ငန်းဆိုင်ရာ သင်ခန်းစာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)