ငပုတော ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ဇူလိုင်လ(၁၁)ရက်နေ့နံနက်ပိုင်းက ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကျောင်းကျန်းမာရေးဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမကြီး ဒေါ်ခင်ခင်စောက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ လက်ဆေးခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး၊ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် နည်းစနစ်မှန်ကန်စွာသွားတိုက်နည်း၊ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကူးစက်ရောဂါများအကြောင်း သိကောင်းစရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမကြီး ဒေါ်ခင်ခင်စောနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းတာခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အမြင်အာရုံကောင်းမွန်မှု ရှိ/မရှိ၊ သွားနှင့် ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြပြီး လိုအပ်သောဆေးဝါးများ (အခမဲ့) ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)