ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်-မိုးဗြဲနှင့် လွိုင်ကော်-ဆီဆိုင်လမ်းပိုင်းများ ပြုပြင်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဇူလိုင် ၁၃

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်က လွိုင်ကော်-ဆီဆိုင် လမ်းပိုင်း ပဒါးညေးကျေးရွာ မိုင်တိုင် ၁၃၅/၄ တွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် လွိုင်ကော်-ဆီဆိုင်လမ်းပိုင်း ကယန်းသာယာကျေးရွာ မိုင်တိုင် ၁၃၈/၂ နှင့် ၁၃၈/၅ အကြား ကွန်ကရစ်လမ်းခင်းခြင်းနှင့် လမ်းရေကျော်မှုမရှိစေရေး ကျောက်စီရေမြောင်း (Side Drain) လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားကာ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ လွိုင်ကော်-မိုးဗြဲလမ်းပိုင်းအား ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များ အသုံးပြုသွားလာနိုင်ရန်အတွက် လိုအပ်သည်များ ပြုပြင်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးရာ မိုင်တိုင် ၈၈/၄ တွင် ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးလျက်ရှိသည့် ကတ္တရာကွန်ကရစ်လမ်းအား အမြန် ပြန်လည်ပြုပြင်ပေးနိုင်ရေးနှင့် လတ်တလော သွားလာမှုအဆင်ပြေစေရေးအတွက် သက်ဆိုင်ရာဌာန တာဝန်ရှိသူများက လိုအပ်သည်များ စီမံဆောင်ရွက်ပေးသွားရန် မှာကြားခဲ့သည်။ ထို့နောက် လွိုင်ကော်-မိုးဗြဲလမ်းရှိ ကုန်းသာကျေးရွာသို့ ရောက်ရှိကာ ရွာတွင်းလမ်းနှင့် စာသင်ကျောင်း၊ နေအိမ် အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လမ်းဘေးဝဲယာတစ်လျှောက် ချုံနွယ်များ ရှင်းလင်းခြင်း၊ လမ်းညွှန်း၊ လမ်းအမှတ်အသားများ ပြန်လည်ပြုပြင်ခြင်းများကို သတ်မှတ်ချက်များအတိုင်း အမြန် ပြန်လည်ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထို့နောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နွားလဝိုးကျေးရွာအုပ်စုရှိ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ကယန်းသာယာဓာတ်အားခွဲရုံ ထိန်းချုပ်ခန်းနှင့် Switch Yard များ ထိခိုက်ပျက်စီးခဲ့မှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဌာနမှ ပေးပို့မည့်ဓာတ်အားခွဲရုံ ပစ္စည်းများရောက်ရှိပါက ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အမြန်ပြန်လည်ပြုပြင်၍ လွိုင်ကော်စက်မှုဇုန်နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ဓာတ်အားများ ပို့လွှတ်နိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။

ထို့နောက် အထက(နွားလဝိုး)ကျောင်းတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ဆရာမကြီးက ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှုနှင့် ကျောင်းသားကျောင်းသူများ ပညာ သင်ကြားမှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်း အတွင်း ပြုပြင်ဆောင်ရွက်ပေးထားသည့် စာသင်ဆောင်၊ စာသင်ခန်းများနှင့် ကျောင်းခန်းမတို့အား ရေရှည်အသုံးပြုနိုင်ရန်အတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန်နှင့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆန်၊ ဆီများ ထောက်ပံ့ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ နွားလဝိုးကျေးရွာအုပ်စု၊ မော်ချီးစုစည်းကျေးရွာနှင့် လယ်ထွဲကျေးရွာချင်းဆက် လမ်းအရှည် ၆ ဖာလုံ အကျယ် ၁၂ ပေ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးရေး ဆောင်ရွက်ရန်နှင့် အရည်အသွေးစစ်ဆေးခြင်းများကို မပြတ်စစ်ဆေးဆောင်ရွက်ကြရန် တာဝန်ရှိသူ များအား မှာကြားခဲ့သည်။          

ထို့နောက် လွိုင်ကော်မြို့၊ မြို့အဝင်ဆိုင်းဘုတ်အား မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာရေးနှင့် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး စဉ်ဆက်မပြတ် ဆောင်ရွက်ထားရှိပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ လွိုင်ကော်တက္ကသိုလ်နယ်မြေအတွင်း သုံးထပ်ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမနှင့် စာသင်ဆောင်များ၊ တက္ကသိုလ် စာကြည့်တိုက်၊ ဝန်ထမ်းအိမ်ရာများနှင့် ကျောင်းသား ကျောင်းသူအိပ်ဆောင်များဝန်းကျင်တွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။  

ပြည်နယ်(ပြန်/ဆက်)