ဖောင်းပြင် ဇူလိုင် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် (၂၅) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က ရာဇမုနိပရိယတ္တိ စာသင်တိုက်တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆိုပူဇော်၍ ဖွင့်လှစ်ကာ ဆရာတော်အရှင်သူမြတ်တို့အား တက်ရောက်လာသူတို့က ဩကာသကန်တော့ချိုးဖြင့် ကန်တော့ကြပြီး ဆရာတော်အရှင်သူမြတ်တို့ထံမှ ငါးပါးသီလမြတ်ဓမ္မကို ခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်၊ အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို ရွတ်ဖတ်ပူဇော်ကြသည်။
ဆက်လက်၍ ဆရာတော်ကြီး ၂၁ ပါးတို့အား နဝကမ္မဝတ္ထုငွေနှင့် ဝါဆိုသင်္ကန်းတို့ကို ဆက်ကပ်လှူဒါန်းကာ စာသင်သားရဟန်း ၄ ပါး၊ စာသင်သားသာမဏေ ၈၆ ပါးတို့အား န၀ကမ္မ၀တ္ထုငွေနှင့်ဝါဆိုသင်္ကန်း၊ သီလရှင် ၁၈ ပါးတို့အား န၀ကမ္မ၀တ္ထုငွေနှင့် ဝါဆို၀တ်စုံများ ဆပ်ကပ်လှူဒါန်းကြသည်။
ထို့နောက် ကုသိုလ်ရှင်များအား အနုမောဒနာဂုဏ်ပြုလွှာများ ပေးအပ်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်ချအမျှပေးဝေ၍ အခမ်းအနားကို “ဗုဒ္ဒသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆိုကာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)