ဖျာပုံမြို့နယ်တွင် ကျေးရွာချင်းဆက်လမ်း ခင်းကျင်းနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဖျာပုံ  ဇူလိုင်  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် (၉၉.၈၉၆)သန်းဖြင့် ဆောင်ရွက်မည့် ပဆင-သလိပ်ကြီး-တူးမြောင်း-ဂျိုဝါကြံခင်းလမ်း (၀/၃.၆)မိုင်မှ (၀/၅.၆)မိုင်အထိ လမ်းအရှည် (၀.၄၀၂) ကီလိုမီတာ၊ အကျယ်(၄.၈၈)မီတာ၊ ထု (၃၅၀)မီလီမီတာ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအား အရည်အသွေး၊ အတိုင်းအတာ ပြည့်မီစွာဖြင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင်ဖျာပုံခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်း ခင်းကျင်းနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးရာတွင် ဖျာပုံခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမိုးမြင့်နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေး၍ ဖျာပုံမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ-၂(မြို့ပြ) ဦးကောင်းချစ်အောင် နှင့် ကျေးရွာတာဝန်ရှိသူများအား တွေ့ဆုံကာ လတ်တလောသွားလာမှု အဆင်ပြေစေရန် မြေပြုပြင်ခြင်း၊ လုပ်ငန်းသုံးပစ္စည်းများ စုဆောင်းခြင်းစသည့်လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားရန် လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် အဆိုပါလမ်းမှာ မြေသားလမ်း (၄/၄)မိုင် ရှိသည့်အနက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ကုန်တွင် ကျောက်ချော လမ်း(၀/၅.၆) မိုင်ပြီးစီးမည်ဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ်များတွင် ကျန်ရှိသည့်လမ်းမိုင် (၃/၆.၄)မိုင်အား ရာသီမရွေး သွားလာနိုင်ရေး လျာထားဆောင်ရွက်ပေးနိုင်မည်ဆိုပါက အကျိုးပြုရွာ(၂၇)ရွာ၊ အိမ်ခြေ (၅၀၁၉)၊ လူဦးရေး(၁၁၇၆၄)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များအတွက် လွယ်ကူစွာဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်းသိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)