ဝါးခယ်မ ဇူလိုင် ၁၃
ဇူလိုင်လ ၁၂ ရက် နံနက် ၈ နာရီခန့်က ရွှေလောင်းမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းပါးအနီးရှိ နေအိမ် (၇) လုံးအား ဖျက်သိမ်းခဲ့ပြီး မိသားစုဝင်များအား ၎င်းတို့၏ ဆွေမျိုးများထံ ယာယီရွှေ့ပြောင်းထားရှိကြောင်း၊ လူနှင့် တိရိစ္ဆာန်များထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
မြစ်ရေတိုက်စားမှုကြောင့် ရွှေ့ပြောင်းခဲ့ရသော နေအိမ် (၇) လုံးမှ အိမ်ထောင်စု (၇) စု၊ လူဦးရေ (၃၄) ဦးအား မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှုးနှင့် တပ်ဖွဲ့ဝင်များ၊ We Love Shwelaung ပရဟိတအဖွဲ့ဝင်များက သွားရောက်၍ လူတစ်ဦးလျှင် ဆန် (၃) ပြည်ခွဲနှုန်းဖြင့် ဆန် (၅) အိတ်၊ ခေါက်ဆွဲခြောက်၊ မုန့်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ကမ်းပါးပြိုကျမှုအား မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်၍ကြည့်ရှု့ခဲ့ပြီး မြစ်ကမ်းပါးပြိုကျမှု အန္တရာယ်မှ ကာကွယ်နိုင်စေရေး၊ ထိခိုက်ပျက်စီးမှုများ မရှိစေရေးနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အသင်းအဖွဲ့များက နေအိမ်ရွှေ့ပြောင်းမှုများအား ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
လွှမ်းသီဟ(ဝါးခယ်မ)