ဘားအံ ဇူလိုင် ၁၃
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲက ဘားအံမြို့၊ အမှတ် (၁) ရပ်ကွက်၊ ကြားတောရဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားမိဘပြည်သူများအား UID (Unique Identity) များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးနေမှုများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မြင့်၊ မြန်မာ့စီးပွားရေးဘဏ် ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ ရေနှင့်အားဖြည့်စာများ လှူဒါန်းကုသိုလ်ပြု ဝေငှပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးက နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအား နှုတ်ခွန်းဆက်စကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မြင့်က UID (Unique Identity) ပြုလုပ်ပေးရခြင်းနှင့် လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များတွင် အသုံးဝင်ပုံများကို ရှင်းလင်းပြောကြားကာ မြန်မာ့စီးပွားရေးဘဏ်ပြည်နယ်ဦးစီးမှူး ဒေါ်ကေသွယ်စိုးက UID (Unique Identity) ဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ဝန်ဆောင်မှုများရယူနိုင်ပုံများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး၊ ပြည်နယ်ဦးစီးမှူးများနှင့်တာဝန်ရှိသူများက ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ ကွင်းဆင်းဆောင်ရွက်ပေးသော UID (Unique Identity)များကို အငြိမ်းစားမိဘပြည်သူများ လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကြားတောရဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် UID (Unique Identity) ဆောင်ရွက်ပေးခြင်းကို နှစ်ရက်ကြာဆောင်ရွက်ပေးသွားမည်ဖြစ်ကာ စုစုပေါင်းမိဘပြည်သူ (၁၂၀) ဦးအား ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)