စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေများအား လိုက်လံကြည့်ရှုခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ ဆောင်ရွက်နေမှု သွားရောက်ကြည့်ရှုစစ်ဆေး

မုံရွာ ဇူလိုင် ၁၂

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ မုံရွာမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးတွက် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ စားသုံးဆီများ၊ ဆန်များနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်စွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား အအေးနှင့်မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး အဆိုပါကျောင်းဝန်းအတွင်းရှိ ကျောင်းစာကြည့်တိုက်အတွင်း သုတရသစာအုပ်/စာစောင်များ စနစ်တကျထားရှိမှုများအား လိုက်လံကြည့်ရှုကာ ကျောင်းအုပ်ဆရာမကြီးထံ စာအုပ်/စာစောင်များ ဝယ်ယူရန်အတွက် ငွေကျပ် - ၁၀ သိန်းအား ပေးအပ်ခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၀၀၀ ဦးကျော်ဖြင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဗန္ဓုလဈေးသစ်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အလျား - ၂၇၉ ပေ၊ အနံ - ၂၄ ပေ၊ RC ၂ ထပ် ဈေးဆိုင်ခန်းပေါင်း ၄၄ ခန်းပါဝင်သည့် ဈေးအဆောက်အဦ သစ်တည်‌ဆောက်နေမှု လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဈေးအဆောက်အဦသစ်တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေးနှင့် ဈေးရောင်းချသူများအတွက် သောက်သုံးရေ၊ လျှပ်စစ်သွယ်တန်းခြင်းလုပ်ငန်းများ စနစ်တကျရှိစေရေး၊ ဈေးပတ်ဝန်းကျင်အား အမြဲသန့်ရှင်းသပ်ရပ်အောင်ထားရှိရေးနှင့် ရေစီးရေလာကောင်းမွန်အောင် ရေနုတ်မြောင်းများ ထည့်သွင်းဆောင်ရွက်ရေးတို့အား တာဝန်ရှိသူများကို မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဈေး အဆောက်အဦသစ် တည်ဆောက်ပြီးစီးမှု လုပ်ငန်းအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဈေးရောင်းချနေသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။                            

တိုင်းဒေသကြီး(ပြန်/ဆက်)