သရက်ချောင်း ဇူလိုင် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က)သရက်ချောင်း ပညာရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ကျောင်းကောင်စီအဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများက ကျောင်းကောင်စီသီချင်းဖြင့် သံပြိုင်သီဆိုကာ အခမ်းအနားဖွင့်လှစ်ခဲ့ပြီးနောက် သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က)သရက်ချောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူက ကျောင်းကောင်စီအဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီကတိသစ္စာခံယူပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီအမှုဆောင်အမည်များစာရင်းကို ကျောင်းကောင်းစီဒုတိယဥက္ကဋ္ဌ ဒေါ်မီမီချိုက ဖတ်ကြားပေးခြင်း၊ ကျောင်းကောင်စီကတိသစ္စာ (၄)ချက်ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူမှ ဖတ်ကြားရာ ကျောင်းကောင်စီအမှုဆောင်အဖွဲ့နှင့် တစ်ကျောင်းလုံးကတိသစ္စာခံယူခြင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တာဝန်အထိမ်းအမှတ်အလံများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူကပေးအပ်ရာ အသင်း(၅)သင်းမှ ကျောင်းကောင်စီအဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီးနောက် နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆိုကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ပြည့်ဖြိုးပိုင် (ပြန်/ဆက်)