ဇီးကုန်း ဇူလိုင် ၁၂
သစ်ပင်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒရှိစေရေး၊ သစ်တောသစ်ပင်တန်ဖိုးများကို အများပြည်သူ အလေးထားသိရှိနိုင်ရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ဇီးကုန်း-တာပွန်လမ်းဘေးဝဲယာ၌ သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများထံ စိုက်ပျိုးမည့်အပင်များ ပေးအပ်ခဲ့သည်။ ထို့နောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးလက်ပြည်သူအင်အားတစ်ရာကျော်က ကျွန်းပင်(၁၃၀)ပင်၊ မန်ဂျန်ရှားပင်(၁၃၀)ပင်နှင့် မဟော်ဂနီပင်အပါအဝင် စုစုပေါင်းပျိုးပင်(၂၆၀)ကျော်ကို စိုက်ပျိုးခဲ့ကြပြီး၊ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
တင့်ဆွေ (ပြန်/ဆက်)