ပြည်မြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြိုကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများကျင်းပ

ပြည် ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ကျပန်းစကားပြော​​ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများကို ဇူလိုင်လ ၁၀ ရက်နေ့နံနက်ပိုင်းက ပြည်မြို့အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း၌ကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး(ရုံးခွဲ)ပညာရေးမှူး ဒေါက်တာချစ်ကိုကိုနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ပြိုင်ပွဲများ၌ ပြည်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများအပါအဝင် အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၆) ဦး ဝင်ရောက်ပြိုင်ကြပြီး ကျပန်းစကား ပြောပြိုင်ပွဲတွင် (၁၉)ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် (၂၆)ဦး၊ ပုံပြောပြိုင်ပွဲတွင် (၃၃)ဦးနှင့် စာစီစာကုံးပြိုင်ပွဲတွင် စာစီစာကုံးပြိုင်ပွဲတွင် (၁၈)ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများ၏ ပြိုင်ပွဲများအလိုက် ပါဝင်ယှဥ်ပြိုင်နေမှုနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသထားရှိမှုကို ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လှည့်လည်ကြည်ရှုအားပေးကြပြီး ပြိုင်ပွဲများအလိုက် ဆုရရှိသူများကို ပြည်မြို့ အ.ထ.က (၁)၌ ယခုဇူလိုင်လအတွင်း ဆက်လက်ကျင်းပမည့် ခရိုင်အဆင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်မည်ဖြစ်သည်။

အခြေခံပညာကျောင်းသားလူငယ်မောင်မယ်များအား စာဖတ်လိုစိတ်ရှိပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန်၊ လူအများရှေ့တွင် ရဲရင့်စွာပြောဆိုနိုင်စွမ်းရှိသည့် စကားပြောစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး ဘက်စုံထူးချွန်ထက်မြက်သည့် နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ အဆိုပါစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပြိုင်ပွဲများကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ကိုဆက်