အိမ်မဲ ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး မြို့နယ်ဦးစီးအရာရှိက ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက်များ၊ ကလေးအလုပ်သမားဖြစ်ရသည့်အကြောင်းအရင်းများ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ဂျူးဟန်နီက အဆိုးဝါးဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးသူငယ်များအကြောင်း အစရှိသည့် ခေါင်းစဥ်များဖြင့် အသီးသီး အကျယ်တဝင့် ဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကျင်းပရာ အ.မ.က မြို့မ(၂) ကျောင်းသား/သူများ ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသ ရရှိစေမည့် စာအုပ်စာစောင်များကို ပြသပေးပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ချစ်သက်လယ် (အိမ်မဲ၊ ပြန်/ဆက်)