ရွှေတောင်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရွှေတောင် ဇူလိုင် ၁၂

မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.မ.က ကြာနီကန်ကျောင်းတွင် ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြာပွဲနှင့် နံရံကပ်စာစောင် ပြပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အ.မ.က ကြာနီကန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာခြည်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးတစ်ယောက်၏ အလုပ်လုပ်နိုင်သည့်အသက်အရွယ်နှင့် ဥပဒေပါအကြောင်းအရာများကိုလည်းကောင်း၊ အာဇာနည်၏အဓိပ္ပာယ်နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ စသည့် အကြောင်း အရာများကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်က ခွေးရူးပြန်ရောဂါအကြောင်း၊ သုံးစွဲရန်မသင့်သည့် တိုင်းရင်းဆေးဝါးများနှင့် တိုင်းရင်းဆေးပညာ၏ အသုံးဝင်ပုံအကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့သည်။

ယင်းနောက် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ဇင်မာချောစုကြည်က ဆိုးဆေးများအ‌ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းကို လည်းကောင်း အသီးသီးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ရွှေဝတ်ရည်တိုးက "အစာမစားတဲ့ဇနီး" ခေါင်းစဉ်ဖြင့် ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောခြင်းကိုဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များပြသခြင်း ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကို ဖတ်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)