ထန်းတပင်မြို့နယ်တွင် ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်

ထန်းတပင်(ပဲခူး) ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျောင်းသား/သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်းကို ဇူလိုင်လ (၁၀) ရက်နေ့ နံနက် ၁၀ နာရီအချိန်က သီရိဟေမာရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးအဖွဲ့နှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန် သွားတိုက်ခြင်း၊ မိုးတွင်းကာလ ကလေးငယ်များတွင်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများအကြောင်းကို ပြောကြားခဲ့သည်။

ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံမှု အခြေအနေများ၊ သန်ကျဆေး တိုက်ကျွေးခြင်းနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အခြေအနေများကို မူလတန်းရှိ ကျောင်းသား/သူများအား ကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး (KG) တန်းရှိ ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးဦးစီးဌာနမှ သွားတိုက်တံများ၊  Mask များနှင့် Handgel များ ဝေငှပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)