ထားဝယ် ဇူလိုင် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နုနုဝါက ဇူလိုင်လ ၂၆ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ဖြစ်ကြောင်း၊ ဒီရေတောအရေးပါမှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး ဒီရေတောများ ထိန်းသိမ်းရေးနှင့် ပြန်လည်တည်ထောင်ရေးတွင် ပြည်သူများ နိုးကြားစွာဖြင့် ပိုမိုပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း၊ ဒီရေတောများသည် လူဦးရေတိုးလာခြင်းနှင့်အတူ ပျက်စီးမှုကြုံတွေ့နေရသည့်အတွက် ဒီရေတောသယံဇာတများ ထိန်းသိမ်းရေးနှင့် အသုံးပြုသူများအကြား ထိန်းညှိပေးပြီး ဟန်ချက်ညီညီ ဖွံ့ဖြိုးစေရေး အလေးထားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က နိုင်ငံ၏တာဝန်ကို ဆက်လက်တာဝန်ယူသွားကြမည့် လူငယ်များကို ပြုစုပျိုးထောင်သွားရန်လိုအပ်ကြောင်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ပြုလုပ်သွားကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်၊ လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေးဆိုသည့်အချက်နှင့်အညီ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံကနေ ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စပယ်သွင်က “ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသကဲ့သို့” နောင်အနာဂတ်၌ နယ်ပယ်အသီးသီး၌ ဦးစီးဦးဆောင်ပြုရမည့်သူများဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကို တန်ဖိုးရှိသော လူသားအရင်းအနှီးများအဖြစ် မျှော်မှန်းပြီးပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း၊ လူငယ်များကိုယ်တိုင်ကလည်း မိမိကိုယ်မိမိတန်ဖိုးရှိသော လူသားများဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြရန်လိုအပ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် အားကစားအားလေ့လာလိုက်စားကြရန်လိုအပ်ကြောင်း ပြောကြားပြီး အားကစားပစ္စည်းများပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)