မြဝတီမြို့တွင် ၂၀၂၅ ခုနှစ်အတွင်း ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

မြဝတီ    ဇူလိုင်  ၁၂

နိုင်ငံတော်၏ သယံဇာတများ ရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် မျှတမှုကို ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလန်းစိုပြည်သည့် ရေမြေသဘာဝ ဖြစ်ထွန်းစေရန်၊ ကောင်းမွန် မျှတသည့် ရာသီဥတုဖြစ်ပေါ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ အပူဒဏ်လျှော့ချနိုင်ရေး၊ အဖိုးတန် ဂေဟစနစ်များ မပျောက်ပျက်အောင် စောင့်ရှောက်နိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ တွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၇ နာရီက မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား ကုန်တင်ကုန်ချ ပတ်လမ်းတစ်လျှောက်တွင် ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပသည်။

ဦးစွာ အခမ်းအနားတွင် အမှတ် (၄၄) ခြေမြန်တပ်မ ဌာနချုပ်မှ တပ်မမှူး၊ မြဝတီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြဝတီမြို့ရှိ နယ်ခြားစောင့်တပ်(BGF)မှ တာဝန်ရှိပုဂ္ဂိုလ်များက ပျိုးပင်များအား ဦးဆောင်စိုက်ပျိုးခဲ့ ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်စိုးတင့်၊ ခရိုင်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ၊ ရပ်မိ ရပ်ဖများက သတ်မှတ်နေရာများတွင် ပျိုးပင်များ တပျော်တပါး စုပေါင်းစိုက်ပျိုးနေမှုကို ကြည့်ရှု့အားပေးခဲ့ကြသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ခရိုင်သစ်တောဦးစီးဌာနက စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပြီး စုစုပေါင်းတက်ရောက်အင်အား ၅၆၇ ဦးတို့က ပျိုးပင်ပေါင်း ၅၀၅ ပင်တို့ကို စုပေါင်းစိုက်ပျိုး ခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)