လွိုင်ကော် ဇူလိုင် ၁၂
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့် အားကစားဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ ပြည်နယ်၏ အားကစားကဏ္ဍ ဘက်စုံတိုးတက်မြင့်မားစေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုခြင်းမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဖူဆယ်ဘောလုံးအားကစားရုံ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက တတိယလုပွဲ ယှဉ်ပြိုင်ကစားကြသည့် အသင်းများယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ဗိုလ်လုပွဲစဉ်အား ကျင်းပရာ ပြိုင်ပွဲဝင်အသင်းများ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုနှင့် ဂိုးသမားအကောင်းဆုံးဆုရရှိသည့် အားကစားသမားနှစ်ဦးအား ငွေသားဆုနှင့် ဆုတံဆိပ်များကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တတိယဆုရရှိသည့်အသင်းအားလည်းကောင်း၊ ပြည်နယ်တရားသူကြီးချုပ်က ဒုတိယဆုရရှိသည့် အသင်းအားလည်းကောင်း တစ်ဦးချင်းငွေသားဆုနှင့် ဆုတံဆိပ်များကို အသီးသီးပေးအပ်ချီးမြှင့်ရာ ဆုရရှိကြသည့် အားကစားသမားများမှ လက်ခံရယူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသည့် ဖူဆယ်ဘောလုံးအသင်းမှ ကစားသမားတစ်ဦးချင်းစီအား ငွေသားဆု၊ ဆုတံဆိပ်နှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ဆုရကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။
ကယားပြည်နယ် ၂၀၂၅ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖေား အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ (၄)ရက်က စတင်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အသင်း (၁၄)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ထူးချွန်ကစားသမားများကို ပြည်နယ်လက်ရွေးစင်အဖြစ် ရွေးချယ် စခန်းသွင်း လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)