ဖျာပုံ ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်း သတ်မှတ်ချက်များအတိုင်း သွားလာစေရေး စစ်ဆေးရေးဂိတ် (၇)ခုအပြင်၊ Mobile Team အဖွဲသုံးဖွဲ့ဖြင့် နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီ၊ မွန်းတည့် ၁၂နာရီမှညနေ ၆ နာရီ၊ ညနေ၆ နာရီမှ ည ၁၀ နာရီအထိ အဖွဲ့(၃)ဖွဲ့ခွဲ၍ မြို့တွင်းလူစည်ကားရာလမ်းများတွင် လှည့်လည် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ဆေးရာတွင် ယနေ့ နံနက်ပိုင်းတွင် အောင်သုခလမ်းနှင့် ရတနာလမ်းတို့တွင် နံနက်ပိုင်း Mobile Team အဖွဲ့ကကျေးရွာများမှ ခရီးသွားပြည်သူများကို အုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ မြို့ပေါ်ရပ်ကွက်များမှ နေအိမ်ပြင်ပထွက်ခွာသူများကို သတ်မှတ်ခွင့်ပြု ကဒ်ပြားများဖြင့် သွားလာခြင်း ရှိ/မရှိကို စစ်ဆေးကြသည်။
အဆိုပါ စစ်ဆေးခြင်းကို မြို့ပေါ်ရပ်ကွက်များမှ ခရီးသွားပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာခွင့်ကဒ်ပြား၊ စျေးဝယ်ခွင့်ကဒ်၊ လုပ်ငန်းခွင် ဝင်ရောက်မည့် ကတ်ပြားများ တစ်ခုခု ပါရှိရမည်ဖြစ်ပြီး ကျေးရွာများမှ ခရီးသွားပြည်သူများအနေဖြင့် Stay at Home ကတ်ပြားနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာပါရှိမှသာ မြို့အတွင်းသို့ ဝင်ထွက်သွားလာနိုင်ကြောင်း မြို့နယ်ကိုဗစ်ကော်မတီထံမှ သိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)