ပေါက်ခေါင်းမြို့နယ်၊ အ.ထ.က(ခွဲ) အမှတ်(၁) ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပေါက်ခေါင်း ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဇူလိုင်လ ၁၀ ရက်နေ့နံနက်ပိုင်းက အ.ထ.က(ခွဲ) အမှတ်(၁)ကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သော ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အသိပညာများတိုးတက်လာစေရန်၊ ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲရှိတတ်စေရန်နှင့် လူငယ်အချင်းချင်းရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပြီး အ.ထ.က(ခွဲ) အမှတ်(၁)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဇင်ဇင်မင်းမောင်က ဦးဆောင်မိတ်ဆက်ပေးပြီး၊ ဆွေးနွေးပွဲစတင်ကျင်းပခဲ့ရာ "လူငယ်နှင့်ယဥ်ကျေးမှု "ခေါင်းစဉ်ဖြင့် Grade-11 မှ မလှယမင်းထွဋ်က လည်းကောင်း၊ " လူငယ်နှင့်စာပေ " ခေါင်းစဉ်ဖြင့် Grade-7 မှ မဆုပြည့်သဇင်ကလည်းကောင်း၊ "လူငယ်နှင့်စည်းကမ်း " ခေါင်းစဉ်ဖြင့် Grade-8 မှ မောင်ရှင်းသန့်အောင်  ကလည်းကောင်း၊ " လူငယ်နှင့်ကျန်းမာရေး " ခေါင်းစဉ်ဖြင့် Grade-6 မှ မောင်ဟိန်းဇာနည်ထွန်းကလည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြပြီး  ဆွေးနွေးပြောကြားမှုအကြောင်းအရာများအပေါ် သိရှိလိုသည့်မေးခွန်းများကို ကျောင်းသား၊ ကျောင်းသူလေးများကမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)