ပေါင်းတည် ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇူလိုင်လ ၁၀ ရက် နေ့လယ်ပိုင်းက သဘာ၀ဘေးအန္တရာယ်များအကြောင်းနှင့် သဘာ၀ဘေးကျရောက်စဉ် ပြုမူနေထိုင်ပုံအကြောင်းဟောပြောခြင်းနှင့် သရုပ်ပြသခြင်းကို အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်) ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခြေခံပညာအထက်တန်းကျောင်း (ပေါင်းတည်) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဆင့်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကြည်ထွန်းတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၀င် ၇ ဦးက ရေဘေး၊ လေဘေး၊ မီးဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးနှင့် လျှပ်စစ်ဘေးအန္တရာယ်များအကြောင်းတို့ကို အသီးသီး အသိပညာပေးဟောပြောကာ ထိုဘေးအန္တရာယ်များကျရောက်ပါက အန္တရာယ်ကင်းရှင်းစေရန် ပြုမူနေထိုင်နည်းတို့ကို သရုပ်ပြသပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူ ဆရာ၊ ဆရာမ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ကြက်ခြေနီတပ်ဖွဲ့၀င်များက သဘာဘေးအန္တရာယ်များကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။
ရွှေသား(IPRD)