မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရိပ်ရပင်နှင့် ပန်းအလှပင်များစိုက်ပျိုး

မိုးညို ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် အရိပ်ရပင်များနှင့်ပန်းအလှပင်များကို စည်ပင်သာယာပန်းခြံရှိ ပျိုးဥယျာဉ်တွင် ပျိုးပင်များဆောင်ရွက်ထားရှိပြီး လမ်းများအလိုက် စိုက်ပျိုးလျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်သက်သက်မာ ဦး‌ဆောင်မှုဖြင့် စည်ပင်သာယာဝန်ထမ်းများက ရွှေပြည်သာရပ်ကွက်ရှိ အောင်သိဒ္ဓိလမ်းမကြီး၌ ခရေပင်(၈၅)ပင်အား ဆက်လက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အဝင်ကြိုဆိုပါ၏ဆိုင်းဘုတ်(၃)နေရာ၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး၊ ဗိုလ်နေဝင်းလမ်း၊ အနော်ရထာလမ်း၊ သူရလမ်း၊ စိန်ပန်းမြိုင်လမ်းမကြီးများတွင် ကံ့ကော်၊ ခရေ၊ စိန်တံချူ၊ သပြေဘူတ၊ ဂျပန်ချယ်ရီ၊ တည်ပင်၊ ပိတောက်၊ ငုချယ်ရီ၊ စိန်ပန်း၊ စည်သပြေ၊ မြေခွေးမြီး၊ အုန်းပွား စသည့်အရိပ်ရပင်များနှင့် နွယ်သာဂီ၊ ပန်းအိ၊ အေးပန်း၊ စက္ကူပန်း၊ ခိုင်ရွှေဝါ၊ ခရာဝါ၊ ကြံ့စာ၊ ကြေးညို၊ ကြေးစိမ်း၊ ဘိုကတော်၊ ကန်စွန်းပန်း စသည့် ပန်းအလှပင်များကို လမ်းဘေးဝဲ/ယာများတွင် လှပအောင်စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း သိရသည်။

ကိုမင်း