လက်ပံတန်း ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းကို ဇူလိုင် ၈ ရက်နေ့နံနက် ၉ နာရီက အထက(၃)ကျောင်း၌ ပြုလုပ်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် အာဇာနည်နေ့ကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပြီး ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်က ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသခြင်း၊ ကလေးစာဖတ်ခန်းဝန်ဆောင်မှုတို့ ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)