ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

လွိုင်ကော် ဇူလိုင် ၁၁

ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ ဒေသတစ်ခုထုတ်ကုန်တစ်ခု ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းဖြင့် ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက်က သူရလမ်း၊ ဒေါတမရပ်ကွက်ရှိ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်းက အမှာစကားပြောကြားရာတွင် ဒေသထွက်ကုန်ကြမ်းပစ္စည်းများအပေါ်အခြေခံ၍ ဈေးနှုန်းသက်သာပြီး အရည်အသွေးပြည့်မီသော ပြည်တွင်းထွက်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်စေရန်၊ ဒေသတစ်ခု၏ စားသောက်ကုန်အမယ်အသစ်များ ထွက်ပေါ်လာစေရန်နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြင့် နိုင်ငံ၏ GDP မြင့်မားလာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ၌ သင်တန်းအလိုက် ထူးချွန်သူများရွေးချယ်၍ သက်ဆိုင်ရာသင်တန်းအလိုက် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် လုပ်ငန်းသုံးစက်ကိရိယာပစ္စည်းများ၊ လိုအပ်သည့်နည်းပညာနှင့် အရင်းအနှီးများရရှိရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် တိုးတက်ပြောင်းလဲနေသော နည်းပညာများကိုလေ့လာပြီး ထုတ်ကုန်ပစ္စည်းများ ကောင်းသည်ထက်ကောင်းအောင် ကြိုးစား၍  ဈေးကွက်များများရရှိအောင် ကြိုးစားသွားကြပါစသည်ဖြင့် ပြောကြားပါသည်။

ထို့နောက် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြား‌ရေးမှူး ဦးအောင်ဆန်းဝင်းက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သင်တန်းထွက်ကုန်ချောပစ္စည်းများပေးအပ်ရာ သင်တန်းသားကိုယ်စားလှယ်တစ်ဦးက လက်ခံရယူပြီး သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးနှင့် တက်ရောက်လာသူများက သင်တန်းသား၊ သင်တန်းသူများ၏ စားသောက်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုကာ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။

ယခုဖွင့်လှစ်သည့်သင်တန်းတွင် မုန့်လုပ်နည်း(၂၆)မျိုးအား အခြေခံသင်တန်းကာလ (၁)ပတ်၊ မွန်းမံသင်တန်းကာလ (၁)ပတ် စုစုပေါင်း သင်တန်းကာလ (၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)