တနင်္သာရီတိုင်းဒေသကြီး သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း

ထားဝယ်      ဇူလိုင် ၁၁

တနင်္သာရီတိုင်းဒေသကြီး သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက ထားဝယ်မြို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး းဦးစောမာတင်လူသာက တိုင်းဒေသကြီးအတွင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် အစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးရှိ နယ်စပ်ဒေသများတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်နိုင်ရေးနှင့် ကူညီပေးနိုင်ရေးကို တက်ရောက်လာကြသူများအနေဖြင့် သုံးသပ်ညှိနှိုင်းဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်လုပ်ငန်းဆပ်ကော်မတီအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက နယ်စပ်တိုင်းရင်းသားဒေသများရှိ ဘာသာရေးဆိုင်ရာ များဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆောင်ရွက်လျက်ရှိသည့် သာသနာရေးဆိုင်ရာလုပ်ငန်းများ၊  တိုင်းရင်းသားလူမျိုးများ၏ ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ နယ်စပ်ရှိ တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားလူမျိုးများ၏ ဘာသာရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦများ ရေရှည်ကြံခိုင်မှုရှိစေရန်အတွက် နှစ်စဉ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် စီမံချက်များရေးဆွဲ၍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပူးပေါင်းဆောင်ရွက် ရမည့်လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးသာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးက ကော်မတီဝင်များ၏ဆွေးနွေးချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)