ဟုမ္မလင်း ဇူလိုင် ၁၁
ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ဟုမ္မလင်းမြို့နယ်၊ ကက်သာစံပြကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း သရဖီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ၊ ကက်သာစံပြကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းနိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူး၊ ဦးဧဆက်က စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းမှာ ကျောင်းသားလူငယ်များ စာပေဖတ်ရှုလေ့လာမှု အားကောင်းလာစေရန်နှင့် မိမိတို့၏အတွေး အမြင်ဗဟုသုတများကို အချင်းချင်းမျှဝေ ဆွေးနွေးဖလှယ်တတ်စေရန် စာပေဖတ်ရှုခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများနှင့်ဗလငါးတန်နှင့်ပြည်စုံသော လူငယ်လေးများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးကာ ကျောင်းစာကြည့်တိုက် အတွက် သုတ/ရသ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ဒေါ်နန်းမဥ္ဇူ အေးက ဆောင်ရွက်၍ အ.ထ.က(ကက်သာ)မှ ကျောင်းသား မောင်ခန့်စည်သူ(G-10)က လူငယ်နှင့် ရှက်စိတ်၊ ကျောင်းသူ မသန်းရတနာစု(G-11)က လူကြီးတွေကစပြင်ပါ၊ မအိသန္တာအောင်(G-10)က လူငယ်များ၏ ရွှေရောင်မနက်ဖြန်၊ မဆုကဗျာ(G-11)က လူတွေရဲ့ချစ်ခင်မှုကိုရအောင်စသည့် ခေါင်းစဥ်များအလိုက် ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး နံရံကပ်စာစောင်များ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်းနှင့် အဆိုပါအခမ်းအနားသို့ အ.ထ.က(ကက်သာ) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)