အင်္ဂပူ ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်ပိုင်းက ဆုံကုန်းကျေးရွာအုပ်စုရှိ ငဝန်မြစ်တွင်ပြုလုပ်ခဲ့သည် ။
သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်မော်မော်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးငြိမ်းချမ်းနှင့်ဝန်ထမ်းများ ၊ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ဒေသခံပြည်သူများမှ ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၁၀၀၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၂၅၀၀၀)၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၁၂၅၀၀၀) တို့အား ငါးမျိုးစိုက်ထည့်ခဲ့သည် ။
ငါးလုပ်ငန်းဦးစီးဌာနမှ မြစ်ချောင်းအင်းအိုင်များတွင် ငါးသယံဇာတများ ၊ရေသယံဇာတများတိုးပွားစေရေးနှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာပိုမိုဖူလုံလာစေပြီး စားသုံးမှုမြင့်မားလာစေရေး၊ သားစဉ်မြေးဆက်ငါးစားသုံးနိုင်ရေးအတွက်ရည်ရွယ်၍ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မန်းကျော် (ပြန်/ဆက်)