ကြံခင်း ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အခြေခံပညာမူလတန်းကျောင်း (မဲကုန်းနှင့်ကြို့ပင်စု) တို့တွင် ယနေ့နံနက်ပိုင်းက ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ ဉာဏဖွံ့ဖြိုးစေရန်နှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းများကပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြသည်။
ဦးစွာ အ.မ.က (မဲကုန်း) ကျောင်းအုပ်ဆရာကြီး ဦးမျိုးကျော်သူက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ကျန်မာရေးဌာနမှ ကျန်းမာရေးမှူး ဦးကျော်လင်းထွဋ်က သွားနှင့်ခံတွင်းအကြောင်းအားလည်းကောင်း၊ မြို့နယ်သူနာပြုကြီး (၁) ဦးအေးနိုင်က အဟာရစုံအောင်စာသုံးဖို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘက်စုံဆရာမ ဒေါ်ဖြူစင်အောင်က တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် လေ့ကျင့်စေ (၁၀) ချက်အား လည်းကောင်း အသီးသီးဟောပြောကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ သန့်လေးသန့် စစ်ဆေးခြင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာစောသာထူးက သွားနှင့်ခံတွင်း စစ်ဆေးပေးရာ ကျောင်းသား၊ ကျောင်းသူ ၄၄ ဦးအား ပိုးစားသွားများအားနုတ်ပေးပြီး ၄ ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ပြသရန် ညွှန်ကြားပေးခဲ့သည်။
အလားတူ အမက(ကြို့ပင်စု)တွင် ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်း၊ တီဘီရောဖြစ်ပွားခြင်း ရှိ/မရှိ စမ်းသပ်ရှာဖွေခြင်း၊ သန့်လေးသန့်စစ်ဆေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်းနှင့် သွားနှင့် ခံတွင်း စစ်ဆေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)