ကော့ကရိတ် ဇူလိုင် ၁၁
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက်မည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(ပထမအကြိမ်)ကို ဇူလိုင် ၁၀ ရက် နံနက် ၁၀ နာရီက လှိုင်းဘွဲ့မြို့နယ် အောက်ရေပူကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းမင်းထွန်းက အမှာစကားပြောကြားပြီး လုပ်ငန်းသုံးပစ္စည်းများပေးအပ်ရာ ကော့ကရိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစောကြည်လင်းက သင်တန်းသုံး ကုန်ကြမ်း ပစ္စည်းများပေးအပ်သည်။
ယခုဖွင့်လှစ်သည့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ပထမ အကြိမ်တွင် သင်တန်းသား(၁၀)ဦးအား ဇူလိုင် ၁၀ ရက်မှ ၁၆ ရက်အထိ ရက်သတ္တတစ်ပတ်ကြာ ပို့ချသွားမည်ဖြစ်ပြီး ဒုတိယအကြိမ်သင်တန်းကို ဇူလိုင် ၂၄ ရက်မှ ၃၀ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်သည်။ အဆိုပါ သင်တန်းတွင် ထူးချွန်သင်တန်းသားငါးဦးအား ရွေးချယ်၍ ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန် ငွေကျပ်(၁၄)သိန်းနှင့် ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်အဆင့်စီမံကိန်းကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စီမံကိန်းကျေးရွာ ကော်မတီဝင်များ၊ ဌာနမှတာဝန်ရှိဝန်ထမ်းများ၊ သင်တန်းနည်းပြနှင့် သင်တန်းသားများ၊ ရပ်မိရပ်ဖများ စုစုပေါင်းအင်အား ၂၅ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်