စစ်ကိုင်းမြို့တွင်အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်သည့်စနစ် အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်း ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်သည့်စနစ် အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းအခမ်းအနားကိုဇူလိုင်လ ၁၁ ရက် မွန်းလွဲပိုင်းတွင်  စစ်ကိုင်းမြို့ နှစ် ၇၀၀ အားကစားကွင်း မိုးလုံလေလုံခန်းမ၌  ကျင်းပခဲ့သည်။ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့   သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းခရိုင်၊ ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ေထာက်ညွှန်ကြားရေးမှူး ဒေါ်မိမိကျော်က အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်သည့် စနစ်အေကြာင်း ရှင်းလင်းတင်ပြပြီး၊ ဦးစီးအရာရှိ ဒေါ်ကေဇင်စိုး ဦးဆောင်သောအဖွဲ့မှ ဘေးအန္တရာယ်ရှိသည့်အမှိုက်၊ ပလတ်စတစ်အမှိုက်၊ အမှိုက်ခြောက်၊ အမှိုက်စို စသည့်အမှိုက်အမျိုးများအစား ခွဲခြားစွန့်ပစ်သည့်စနစ်အား လက်တွေ့သရုပ်ပြသခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ပြည်သူများက အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းအား လက်တွေ့ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)