ကျုံပျော် ဇူလိုင် ၁၁
လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျုံပျော်မြို့နယ်၊ လှည်းဆိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ဦးစွာ ယာယီကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမင်းအေးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍၎င်း၊ ဗလငါးတန် ပြည့်စုံသည့်လူငယ်များဖြစ်လာစေရန် ကြိုးစားဆောင်ရွက်သင့်သည်များကို၎င်း ဆွေးနွေးပြောကြားသည်။
ထို့နောက် Grade (11)မှ ကျောင်းသား/သူများ ဖြစ်ကြသည့် စရဲထိုက်စံ၊ စတင်အောင်ဆန်း၊ နန့်နိုဘယ်ထွန်းနှင့် နန့်ခင်မြတ်မူတို့က လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အားကစားစသည့် အကြောင်းအရာများအား ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက် လာကြသောကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များအား မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ထို့နောက် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် သုတ၊ ရသ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ လှည်းဆိပ်ကျေးရွာ အ.ထ.က မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ထိုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန်၊ အနာဂတ် မျိုးဆက်သစ်လူငယ်များ ဗလငါးတန် ပြည့်စုံစေရန်၊ စကားပြောစွမ်းရည်ပြည့်ဝပြီး လူအများရှေ့တွင်ရဲဝံ့စွာ ပြောဆိုတတ်စေရန်နှင့် လူငယ်အချင်းချင်း ရင်းနှီးခင်မင် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)