ကျုံပျော်မြို့နယ်၌ အောင်နိုင်တိုးစပါးမျိုးသစ် မျိုးစေ့ထုတ်စိုက်ပျိုးခြင်း အခမ်းအနားပြုလုပ်

ကျုံပျော် ဇူလိုင် ၁၁

ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနကဦးဆောင်ကာ ၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် အောင်နိုင်တိုးစပါးမျိုးသစ် မျိုးစေ့ထုတ်စိုက်ပျိုးခြင်း  အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ကျီးအိုင်ကျေးရွာအုပ်စု တောင်သူ ဦးအောင်ဇော်ဝင်း၏  လယ်မြေသုံးဧက၌ ယနေ့နံနက် ၈ နာရီက ပြုလုပ်သည်။

အခမ်းအနားသို့ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမြင့်ထွန်း၊  စိုက်ပျိုးရေးဦးစီးမှူး ဦးသန်း‌ဇော်ထိုက်နှင့် ဝန်ထမ်းများ၊  မြို့နယ်စိုက်တိုးမြင့် အဖွဲ့ဝင်များ  တောင်သူများ စုစုပေါင်းအင်အား ၆၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ကြဲခင်းစနစ်ပ‌‌ပျောက်‌ရေး အကျိုးဆောင်တောင်သူများထံသို့ ဓာတ်‌မြေဩဇာ‌များ ပေးအပ်ခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးသန်းဇော်ထိုက်က စိုက်ခင်းနှင့် ကြဲခင်းစိုက်ပျိုးခြင်း၏ အားနည်းချက် အားသာချက်များကိုလည်းကောင်း၊  အောင်နိုင်တိုးစပါးမျိုးသစ်၏ အရည်အချင်းလက္ခဏာများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက အောင်နိုင်တိုး စပါးမျိုးသစ်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)