ပလောက်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

ပလောက် ဇူလိုင် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်၊ လူရွယ်များ စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ဦးတင်ဦး(ကျူရှင်) ရေးသားသော ပညာတတ်ခြင်း၊ မတတ်ခြင်းနှင့် အခြားဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာခြင်း၊ အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ခြင်း၊ ယဉ်ကျေးသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက်  စာပေများဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် ဦးသော်ဇင်ထွန်းက ကိုယ်ကျင့်သိက္ခာ ခေါင်းစဉ်အောက်မှ ကိုယ်ကျင့်သိက္ခာဟူသည် လူအသီးသီး မိမိတို့ ဆောက်တည်ရမည့် ကျင့်ဝတ်များကို ကျင့်သုံးစောင့်ထိန်းခြင်းပင်ဖြစ်ကြောင်း၊ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက်ရာတွင် သူဆင်းရဲဖြစ်စေ၊ ရှင်ဘုရင်ဖြစ်စေ၊ မည်သို့သောသူပင်ဖြစ်စေ အတူတူတာဝန်ရှိကြကြောင်း၊ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းသူများကို လူအများက ယုံကြည်ကြကြောင်း၊ လောက၌ လုံခြုံစိတ်ချစွာနေနိုင်ကာ မြင့်သောဘဝသို့ ပို့ဆောင်ပေးနိုင်သော ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို အလေးမူဂရုထားသင့်ကြောင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

စာရေးဆရာ ဦးတင်ဦး (ကျူရှင်) ရေးသားသော ပညာတတ်ခြင်း၊ မတတ်ခြင်းနှင့် အခြားဆောင်းပါးများ စာအုပ်အား ဖတ်ရှုခြင်းဖြင့် လူ့သမိုင်းကို တိုးတက်အောင်လုပ်ရာတွင် ခွန်အားနှင့်ချည်းမပြီး ပညာနှင့်မှ ပြီးစီးမည်ဖြစ်သောကြောင့် ပညာတတ်များ များလာအောင် အားထုတ်ရမည်ဖြစ်ကြောင်း သိရသည်။

ပလောက်(ပြန်/ဆက်)