၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၁

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အုပ်ချုပ်သူများ/နည်းပြများနှင့် အားကစားသများတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်ဘောလုံးအသင်းများက အသင်းလိုက်မိတ်ဆက်ခဲ့ကြသည်။ ထို့နောက်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုလို ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ပဲခူးတိုင်းဒေသကြီးအနေနဲ့ အုပ်စု (က) ပွဲစဉ်များအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိသည့်အတွက် ဂုဏ်ယူမိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မှာရှိသည့် အားကစားသမားများ၏ မတူကွဲပြားသည့် ကစားပုံ၊ ကစားဟန်နှင့် နည်းစနစ်များကို လေ့လာဖလှယ်ခွင့်ရရှိနိုင်စေခြင်း၊ မြေပြန့်ဒေသနှင့် တောင်ပေါ်ဒေသမခွဲခြားဘဲ တိုင်းရင်းသားအချင်းချင်းချစ်ကြည်ရင်းနှီးမှုပိုမိုရရှိနိုင်စေခြင်းနှင့် ဒေသအသီးသီးမှ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ပဲခူးတိုင်းဒေသကြီး၏ ယဉ်ကျေးမှုဓလေ့စရိုက်၊ ဒေသန္တရဗဟုသုတများကို လေ့လာခွင့်ရရှိစေခြင်း စသည့်ရင်းနှီးချစ်ကြည်မှုများကို ရရှိစေနိုင်မှာဖြစ်ကြောင်း၊ ဘောလုံးအားကစားနည်းသည် နည်းစနစ်ကိုအခြေခံပြီး တစ်ဦးချင်းကျွမ်းကျင်မှု၊ လျင်မြန်ဖျတ်လတ်မှု၊ တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ်စွာ အပေးအယူမျှတမှု၊ သက်လုံနှင့်ကြံ့ခိုင်မှုတို့ပါ ပြည့်ဝဖို့လိုသည့် အားကစားနည်းဖြစ်သည့်အပြင် ပြိုင်ပွဲဝင်များအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်း/စည်းကမ်း ဥပဒေနှင့်အညီလိုက်နာပြီး မိမိတို့၏ ပင်ကိုယ်အရည်အသွေး၊ ဖြတ်ထိုးဉာဏ်အပေါ် လျှပ်တစ်ပြတ်အသုံးချ၍ ယှဉ်ပြိုင်အနိုင်ယူကစားရသည့် အမျိုးသားကစားနည်းတစ်ခုဖြစ်၍ မိမိတို့ကိုယ်စားပြုသည့် တိုင်းဒေသကြီး/ပြည်နယ်အောင်နိုင်ရေးအတွက် ကြိုးစားသွားကြစေလိုကြောင်းနှင့် ပြိုင်ပွဲဝင်ကာလတစ်လျှောက်လုံး စိတ်ချမ်းသာပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အဘက်ဘက်မှ ပြည့်စုံကောင်းမွန်စွာ စောင့်ရှောက်ပေးသွားမှာဖြစ်ကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဘောလုံးအသင်းများသို့ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး လက်ဖက်ရည်နှင့်မုန့်များဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက် အားပေးခဲ့ကြကြောင်းနှင့် ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးဘောလုံးအသင်း၊ မန္တလေးတိုင်းဒေသကြီး ဘောလုံးအသင်း၊ ကယားပြည်နယ်ဘောလုံးအသင်းနှင့် ချင်းပြည်နယ်ဘောလုံးအသင်း စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုအသင်း(၄)သင်းပါဝင်ကာ ဇူလိုင်လ(၁၁)ရက်နေ့မှ(၁၈)ရက်နေ့အထိ ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး အားကစားဥယျာဉ်ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)