မော်လမြိုင်ကျွန်း ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ အမှိုက်(၄)မျိုးခွဲခြားစွန့်ပစ်မှုရှိစေရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း “မဟာဆောင်” ခန်းမ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန့်ချက်နှင့်အညီ မြို့များသန့်ရှင်း၊ သာယာ၊ လှပစေရန်နှင့် လူမှုပတ်ဝန်းကျင်ညစ်ညမ်းမှု အခြေအနေများလျော့ကျလာစေရန် ရည်ရွယ်ပြီး အသိပညာပေးခြင်းဖြစ်ကြောင်း၊ မိမိကျောင်းများမှစတင်၍ မိမိပတ်ဝန်းကျင်၊ မိမိရပ်ကွက်၊ မြို့များတွင် အမှိုက်ကိုစနစ်တကျခွဲခြား စွန့်ပစ်သည့်အလေ့အထကောင်းများဖြစ်ပေါ်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် အမှိုက်များအား ခွဲခြားစွန့်ပစ်ရန်လိုအပ်ကြောင်းနှင့် အမှိုက်အမျိုးအစား(၄)မျိုးဖြစ်သည့် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ် စတစ် အမှိုက်နှင့်ဘေးအန္တရာယ်ရှိအမှိုက်များအား စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရေး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင်