ပြည်ကြီးမဏ္ဍိုင်မြို့တွင် မိသားစုဝင်ငွေတိုးပွားစေရန် တစ်နိုင်တစ်ပိုင် နဂါးမောက်ပင်များ စိုက်ပျိုး

ပြည်ကြီးမဏ္ဍိုင် ဇူလိုင် ၁၁   

တနင်္သာရီတိုင်းဒေကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ  ဒေသခံပြည်သူများသည် နှစ်ရှည်၊ နှစ်တိုသီးနှံပင်များ စိုက်ပျိုးခြင်းအပြင် မိသားစုအပိုဝင်ငွေတိုးပွားစေရန်အတွက် အိမ်ဘေးရှိမြေကွက်လပ်များတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ နဂါးမောက်ပင်များ စိုက်ပျိုးအောင်မြင်ပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

နဂါးမောက်ပင်သည် ရေစိမ့်မှုကောင်းသော သဘာဝမြေဆွေးများပါသော နှုံးမြေစိုစွတ်အေးမြ‌သော နေရာအား ကြိုက်နှစ်သက်ပြီး၊ (၂)နှစ်သက်တမ်းရှိ အစိမ်းရင့်ရောင်ရှိသော အကိုင်းများကို ပျိုးကိုင်းအဖြစ် ဖြတ်ယူ၍ စိုက်ပျိုးနိုင်ပြီး  ထိုပျိုးကိုင်းများကို   အရိပ်အောက်တွင်  တစ်ပတ်ခန့်ထားပြီးမှ  စတင်စိုက်ပျိုးရမည် ဖြစ်ပါသည်။ နဂါးမောက်ပင်အား အတန်းလိုက် စိုက်ပျိုးရကြောင်း တစ်ပင်နှင့်တစ်ပင် ခြောက်ပေကွာ စိုက်ပျိုးရပြီး၊ ခြံစည်းရိုးတွင် လည်းကောင်း၊ တိုင်ထောင်၍လည်းကောင်း စိုက်ပျိုးနိုင်ကြောင်း စီးပွားဖြစ်စိုက်ပျိုးပါက အသီးအပွင့်များ စတင်ထွက်ရှိလာချိန်တွင် စင်များပြုလုပ်ပေးရကြောင်း၊ စိုက်ပျိုးပြီးတစ်နှစ်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီဖြစ်ရာ နဂါးမောက်သီးတွင် အဖြူနှင့်အနီဟူ၍ နှစ်မျိုးရှိပြီး နဂါးမောက်သီးတစ်လုံးလျှင် (၃၀၀၀) ကျပ်ရရှိကြောင်း နဂါးမောက်သီးစိုက်ပျိုးသူတစ်ဦးထံမှသိ ရသည်။

နဂါးမောက်သီးသည် ကျန်းမာရေးအတွက် ဆေးဖက်ဝင်၍ ပုံမှန်စားပါက အစာချေဖျက်အားကောင်းပြီး ဆီး၊ ဝမ်း မှန်စေသည့်အပြင် ကိုယ်အလေးချိန်လျော့ချစေခြင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း၊ သွေးအားကောင်းစေခြင်း၊ ကျောက်ကပ် ကျန်းမာရေးကိုလည်း ကောင်းမွန်စေကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)